မကွေး ဩဂုတ် ၁၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မကွေးမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှသက်တမ်းတိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာမှာ ကျောင်းသားလူငယ်တွေရဲ့ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေးဟာလည်း အဓိကကျသော ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ဟာ နိုင်ငံသားများရဲ့ ပညာရေးနဲ့ ကျန်းမာရေးအဆင့်အတန်းပေါ်မှာ မူတည်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးဟာ အလွန်အရေးကြီးကြောင်း၊ ကျောင်းသားလူငယ်များ ဉာဏ်ရည်ထက်မြက်ပြိး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်ကြောင်း၊ ယခုကိုဗစ်-၁၉ ကာလအတွင်းမှာလည်း မကွေးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး ဌာနတို့ ပူးပေါင်းကာ အခြေခံပညာကျောင်းသားများ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အတွင်းမှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/ သူပေါင်း (၆.၆)သန်းခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမအကြိမ် ကျောင်းအခြပြု သန်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ကြမှာဖြစ်သလို မကွေးတိုင်းအတွင်းမှာလည်း တာဝန်ရှိသူအသီးသီးကလည်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးလွင်မှ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများမှ စနစ်တကျလက်ဆေးနည်းနှင့် စနစ်မှန်သွားတိုက်နည်းအား တေးသရုပ်ဖော် ပြသခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျန်းမာစေကြောင်း အလေ့အကျင့်ကောင်းများနှင့်ပတ်သက်၍ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ကဗျာပြိုင်ပွဲ ဆုရရှိသူများအား အသီးသီး ဆုများချီးမြှင့်ခဲ့ပြီး အထက်တန်း ကျဘမ်းစကားပြောပြိုင်ပွဲတွင် ပထမဆုရ၍ရရှိသော အ.ထ.က (၁) မကွေးမှ မအိန္ဒြေဦးမှ ပြန်လည်သရုပ်ပြ ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် တန်ကြီးများက ကျောင်းကျန်းမာရေး ဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းသား/ သူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ အာဟာရနှင့်အားဆေးများ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုအောင် (ပြန်/ဆက်)