မိုးညှင်း ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီခွဲက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က ကျေးလက်နေပြည်သူ များ၏ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် ရည်ရွယ် ၍ အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာများမှ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည့် လုပ်ငန်းအစီအစဉ် များအား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆိုင်ကယ်ပြင်သင်တန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၃၀)ဖြင့် ဩဂုတ်လ (၁၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိုသင်တန်းကို မြိုင်ရွာ၊ မြင်သာ၊ ပင့်သာ၊ ကွင်းကြီး၊ ကာဒူ၊ တဲကြင်းကုန်း၊ သာယာကုန်း၊ ဟဲလုံ၊ အင်ကြင်းကုန်း၊ အင်းကုန်းစသည့် စုစုပေါင်း ကျေးရွာ(၁၀)ရွာမှ သင်တန်းသား(၂၅)ဦးအား ပြင်ပမှငှားရမ်းထားသည့် ကျွမ်းကျင်နည်းပြဆရာနှစ်ဦးမှ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ကျေးလက်ဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအဖြစ် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ် နည်းသင် တန်း၊ ဆိုင်ကယ်ပြင်သင်တန်း နှစ်မျိုးဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း ထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)