စဉ့်ကူးမြို့တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူများ၏ လေ့ကျင့်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး

စဉ့်ကူး သြဂုတ် ၁၅

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ၏ လေ့ကျင့်ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စဉ့်ကူးမြို့နယ် အခြေခံပညာကျောင်းအသီးသီးမှ ခရိုင်အဆင့်အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူလေးများ၏ ယိမ်းအကများ၊ တေးသီချင်းများဖြင့် လေ့ကျင့်သီဆိုဖျော်ဖြေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ပညာရှင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သုံးသပ်အကြံပေးခဲ့ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့က အဆို၊ အက၊ ယိမ်းအဖွဲ့များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)