သိန္နီ သြဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းစေရန်အတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့၊ နံနက် ၉ နာရီအချိန်က သိန္နီမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာဇော်မိုးအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် (၆)လတစ်ကြိမ် သန်ချဆေး(Albendazol 400mg) တိုက်ကျွေးခြင်း များ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေစေရေးအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်နှင့် ဆရာ/ဆရာမများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူ (၁၀၀၀) ကျော်အား သန်ချဆေးတိုက်ကျွေးပေးခဲ့သည်။ ကျန်ရှိသော ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေး တိုက်ကျွေးခြင်းများ ဆက်လက် ဆောင်ရွက်သွားဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
စောဥမ္မာ(သိန္နီ)