ကျောက်ဆည်ခရိုင်အဆင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက (၂၃)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းထားရှိပြီး ကော်မတီများအလိုက် လုပ်ငန်းများအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ဆပ်ကော်မတီအသီးသီးမှ ဘဏ္ဍာငွေဆောင်ရွက်ထားရှိမှု၊ ပြိုင်ပွဲများဆုချီးမြှင့်မည့်အစီအစဉ်များ၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သတင်းထုတ်ပြန်ရေး၊ ကျွေးမွေးဧည့်ခံရေးဆောင်ရွက်မည့်အစီအစဉ်များကို အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၌ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ(၁၅)နှစ်၊ အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ်၊ ဝါသနာရှင်အဆင့် (ပထမ)၊ ဝါသနာရှင်အဆင့်(ဒုတိယ)၊ ပညာရှင်အဆင့်များ၌ အဆိုပြိုင်ပွဲတွင်(၁၀)ဦး၊ အကပြိုင်ပွဲတွင် (၁၂)ဦး၊ အတီးပြိုင်ပွဲတွင်(၉)ဦး စုစုပေါင်း(၃၁)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်