ကျောက်ဆည် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ နနွင်း၊ ပဲမျိုးစုံနှင့်ငှက်ပျောစသည့် သီးနှံများစိုက်ပျိုးကြကြောင်းနှင့် ကျောက်ဆောက် ကုန်းကျေးရွာတွင်ဒေသနှင့် ကိုက်ညီသောရေဆင်း(၁၁)မြေပဲမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲသီးနှံစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသောရေဆင်း(၁၁)၊ မကွေး (၁၁)၊ မကွေး(၁၂) မျိုးများ စုစုပေါင်း(၂၈၀)ဧက စိုက်ပျိုးထားရှိကြောင်းနှင့် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်ပြီးဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်မြေပဲမျိုးများဖြန့်ဖြူးပေးလျက်ရှိပြီး မြေပဲစတင် စိုက်ပျိုးချိန်မှစ၍ရိတ်သိမ်းချိန်အထိ နည်းပညာ များကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
မြေပဲတစ်ဧကစိုက်ပျိုးမည်ဆိုပါက မြေပဲအတောင့်(၆)တင်းစိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာမျိုးအနေဖြင့် ငွေကျပ် (၁၂၀၀၀၀)၊မြေပြင် ထွန်၊ထယ် စရိတ်အဖြစ် (၅၅၀၀၀)ကျပ်၊ စိုက်စရိတ်အဖြစ် (၁၂၀၀၀)ကျပ် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက (၇၀)တင်းမှ(၈၀)တင်းအထိထွက်ရှိကြောင်းနှင့် မြေပဲတစ်တင်း ငွေကျပ်(၂၁၀၀၀)ဖြင့် ရောင်းချရကြောင်းနှင့် ဆီကြိတ်ရောင်းမည်ဆိုပါက ဆီတစ်ပိဿာငွေကျပ် (၁၁၀၀၀) ဖြင့်ရောင်းချရသဖြင့် မြေပဲစိုက်တောင်သူများအဆင်ပြေလျက်ရှိကြောင်း ကျောက်ဆောက် ကုန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးစိုးစိုးထွန်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)