မြင်းခြံမြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မြင်းခြံ ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

“ယခု ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းအမှတ်စဉ်(၁/၂၀၂၂)မှာ မြို့ပေါ်ရပ်ကွက်အသီးသီးမှာ ဖွဲ့စည်းထားတဲ့အဖွဲ့တွေကို လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ(၁)ရေးသွင်းနည်းတွေ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည့်အချက်များအပြင် အသစ်ပြင်ဆင်ထားတဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေကိုလည်း ချပြဆွေးနွေးပို့ချသွားမှာဖြစ်ကြောင်း” အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် မြင်းခြံမှ ရဲအုပ်ကျော်ဆန်းက ပြောသည်။

အဆိုပါသင်တန်းကို ဩဂုတ်လ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ရဲအုပ်ကျော်ဆန်းနှင့် ရဲအုပ်သက်လွင်ဦးတို့မှ နံနက်(၉)နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။         

ကျော်စွာ(မြင်းခြံ)