ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပန် ဩဂုတ် ၁၅

ရှမ်း​ပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်၊ ​ရွှေဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က အနာဂတ်တွင် နိုင်ငံတော်နှင့်ပြည်သူအတွက် အားကိုးအားထားပြုနိုင်သော ယဉ်ကျေးလိမ္မာ၊ ထူချွန်ထက်မြက်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်တို့ကို ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ "လူငယ်နှင့်ပညာရေး " ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟိုပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ(နည်းစနစ်) ဒေါ်နန်းမျိုးသန္တာဦးက" လူငယ်နှင့် ခေါင်းဆောင်မှု " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရွှေဝါကျေးရွာ၊ အထက(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်​ခိုင်ရွှေသူက "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျောင်းသား/သူများအတွက် ပိုက်ကျော်ခြင်းတစ်လုံး၊ ဘောလီဘောနှင့် ဘောလုံးတစ်လုံး စသည့် အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ရွှေသူက လက်ခံရယူခဲ့သည်။

ဟောပြောပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသည့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများက ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသသည့် "မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး" ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)