လားရှိုးမြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

လားရှိုး ဩဂုတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့  အမှတ်(၅၆) စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး က အဖွင့်အမှာစကားပြောကြားရာ “မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ နိုင်ငံတော်မှလည်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရာသီချိန်မှီ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ လယ်ယာလုပ်သားရှားပါးမှု ပြဿနာများကို ဖြေရှင်းရန်နှင့် သီးနှံအရည်အသွေးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် အချိန်ကုန် လျင်မြန် သက်သာမှုရှိစေသည့် စက်ကိရိယာများကို မဖြစ်မနေ သုံးစွဲလျက်ရှိကြကြောင်း၊ တောင်သူများ၏ လက်ဝယ်တွင် စက်ကိရိယာပိုင်ဆိုင်မှုများလာသည်နှင့်အမျှ စနစ်တကျကိုင်တွယ် မောင်းနှင်တတ်အောင် ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများလည်း လိုအပ်နေဆဲဖြစ်ကြောင်း ” ပြောကြားသည်။

ထို့နောက် အမှတ်(၅၆) စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ဇင်လတ် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်လင်းထွန်းက သင်တန်းတက်ရောက်လာကြသူများအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ဒေသတွင်း အသုံးပြုမှုများပြားသည့် ထွန်စက်ကြီးလက်တွေ့ မောင်းနှင်ထိန်းသိမ်းနည်း၊ လက်ကိုင်းရှည်လက်တွန်းထွန်စက် တစ်လုံးထိုးအင်ဂျင်နှင့်ဂီယာပေါက် မောင်းနှင်ထိန်းသိမ်းပြုပြင်နည်းကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်။

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၂)သို့ လားရှိုးမြို့နယ်၊ မန်းပွဲလုံကျေးရွာအုပ်စု(၁၂)ရွာမှ တောင်သူသင်တန်းသား (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)