နမ့်ဆန် ဩဂုတ် ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်စာအုပ်ဖြင့် ယမန်နေ့ နေလည်(၁)နာရီက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြုလုပ်ရာ Book Club အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သီတာထွေး၊ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းသန်းနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်း၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်နှင့် ဝန်ထမ်းများ၊ ကျောင်း သား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး အနာဂတ်တွင် ပုခုံးပြောင်း စာဝန်ယူမည့် လူငယ်လူရွယ်များမှ အတွေ့အကြုံရင့် သန်စေပြီး ပြောရဲဆိုရဲရှိစေရန်နှင့် လူငယ်နှင့် ပေါင်းသင်း ဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ Book Club အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သီတာထွေးမှ လူငယ်နှင့်အထက်တန်း စားစိတ်ဓာတ်ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ “အထက်တန်းစားစိတ်ဓာတ်ပိုင်ဆိုင်သူဟာ ဘယ်တော့မှ ’ငါ’ကို ရှေ့ တန်းမတင်တတ်ကြဘဲ သူတစ်ပါးကောင်းကျိုးအတွက်အများကိုဘဲ ရှေ့တန်းတင်တတ် ကြပါတယ်၊ ငါဘာသာ၊ ငါ့အယူ ဝါဒကောင်းတယ်။ ငါ့တပည့်သူတွေကို လှူဒါန်းမှ အကျိုးရှိတယ်။ အခြားဘာသာဝင် အခြားသူတွေကို လှူဒါန်းက အကျိုးမရှိဘူးဆိုတာ မဟောပါဘူး။ မပြောပါဘူး။ ဒါဟာတကယ့်ကို အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေရဲ့ လုပ်ဆောင်ချက်၊ ရပ်တည်ချက်၊ ဦးတည်ချက်၊ တူရူချက်တွေပါဘဲ၊ ဒါတွေကိုအတုယူရမှာဖြစ်ပါတယ်” လို့ အကျယ်တစ်ဝင့် ဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ လူငယ်နှင့်ဘောလုံးပွဲခေါင်းစဉ် ဖြင့်လည်း ကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။
ထိုနောက် လူငယ်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား Grade -10 စနစ်သစ် မောင်အောင်ဇေယျာမင်းက “လူငယ်နှင့်လူသားအသိ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး၊ ကျောင်းသူ Grade -10 စနစ်သစ် မအဉ္ဇလီသင်းက “လူငယ်နှင့် ရယူခြင်းနှင့်ပေးဆပ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောင်းသား Graed-10 စနစ်သစ် မောင်အောင်မင်းဟန်က “လူငယ်နှင့် အမြင်”ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့်Book Club အဖွဲ့ခေါင်းဆောင်တို့မှ မေးမြန်းဆွေးနွေးချက်အား ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)