မိုးညှင်း ဩဂုတ် ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောက်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ယှဉ်ပြိုင်ကြရာတွင် စန္ဒယားအတီး၊ ဆိုင်းအတီး၊ စောင်းအတီး၊ အမျိုးသား အမျိုးသမီး အကနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး၊ မဟာဂီတ၊ ခေတ်ဟောင်း/ ကာလပေါ် အဆိုပြိုင်ပွဲများတွင် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်များမှ ပြိုင်ပွဲဝင်စုစုပေါင်း (၂၇)ဦးအား ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းပြိုင်ပွဲများမှ ဆုအသီးသီးရရှိကြသူများအား စက်တင်ဘာလတွင် ကျင်းပပြုလုပ် သွားမည့် ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)