ပင်လောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်လောင်း ဩဂုတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပ​င်လောင်းကြီးကျေးရွာအုပ်စုလွယ်ပြားကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူးများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးမှုလုပ်ငန်းများကို အဆိုပါ​ ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးရာတွင် ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်၊ သွေးတိုး၊ ဆီးချို၊ မွေးရာပါနှလုံးရောဂါ၊ ကာကွယ်ဆေးထိုးမှတ်တမ်းပြနိုင်ခြင်း၊ ကာကွယ်ဆေး ပြည့်စုံစွာထိုးနှံထားခြင်းရှိမရှိ၊ အာဟာရနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအခြေအနေများ၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်​​ချောင်း၊ လည်ပင်းနှင့် အခြားရောဂါလက္ခဏာများကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုစာရေးဝန်ထမ်းနှင့် လွယ်ပြားကျေးရွာမှ တာဝန်ရှိသူတို့က​ကျေးရွာအတွင်းရှိနေအိမ်များ၏ ပတ်ဝန်းကျင်သန့်ရှင်းမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး နေအိမ်များမှ သောက်သုံးရေလှောင်ကန်များကို ပိုးလောက်လန်းများ မပေါက်ပွားအောင် အဘိတ်ဆေးများ ခတ်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ခွန်အာကာစိုး