သရက် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်(၉)နာရီကက အခြေခံပညာမူလတန်း ပြည်တော်အေးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သားဖွားဆရာမ ဒေါ်မြင့်မြင့်ဝေးက ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်းကို ပြောကြားခဲ့သည် ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KGမှ Grade5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူများအား သွားတိုက်ဆေး (၃၈)ဗူးအား အခမဲ့ပေးခဲ့ပြီး တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခဲ့သည်။
အလားတူ ဩဂုတ်(၁၅)ရက်မှ (၂၄)ရက်နေ့အထိ သရက်မြို့နယ်အတွင်း အခြေခံ ထက်/ လယ်/ မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ သတ်မှတ်ရက်အလိုက် ကျန်းမာရေးဝန်ထမ်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)