မိုင်းလုံ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်း (၄)နာရီ အချိန်က ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအုပ်ဆရာမကြီးမှ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီဖွဲ့စည်းရန်၊ ကျောင်းသား၊ကျောင်းသူများ၏ ဆိုင်ကယ်၊ စက်ဘီးထားရန်နေရာကို တိုင်ထောင်၊ အမိုးမိုး၍ ပေ(၃၀x၁၀)အကျယ်ကို ဆောက်လုပ်ရန်နေရာနှင့် ကုန်ကျမည့်အချက်အလက်များကို ကျောင်းကော်မတီအဖွဲ့ဝင် ဦးမောင်ကျော်က ရှင်းလင်းတင်ပြပြီး၊ မိုင်းလုံမြို့ အထက်တန်းကျောင်းတွင် ရေသန့်စက်ထားရှိရန်အတွက် ဖောင်ဒေးရှင်း ပေ(၈×၁၀)အကျယ် ဆောက်လုပ်ရန် ကိစ္စများအတွက် ကုန်ကျမည့်လိုအပ်ချက်များနှင့်လုပ်ငန်း ဆောင်ရွက်ရန်အတွက် ကော်မတီဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးသောင်းထွဋ်လင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများကလည်း လိုအပ်သည့်လုပ်ငန်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့်အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)