မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေး မြင့်တက်နေ၍  တောင်သူများ တိုးချဲ့ စိုက်ပျိုးလာ

မင်းဘူး ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ငရုတ်သီးဈေး မြင့်တက်နေသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံ ငရုတ်စိုက် တောင်သူများထံမှ သိရသည်။

ယခင်က ငရုတ်သီးဈေး အတက်အကျရှိသော်လည်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ဈေးပြန် မကျတော့ဘဲ တစ်ပိဿာ ၁၅၀၀/၂၀၀၀ ဈေးမှ တစ်ပိဿာ ကျပ် ၈၀၀၀ ဈေးအထိ ဆက်တိုက် မြင့်တက်လျက်ရှိသောကြောင့် ငရုတ်စိုက် တောင်သူများအနေဖြင့် ရွှေခေတ်ဟု ခေါ်ရ‌ပေမည်။

မင်းဘူး(စကု)မြို့နယ်တွင် ရွာသစ်ကုန်း၊ သနပ်ပင်စု၊ မြေနုကျွန်း၊ နိဗ္ဗာန်ကျွန်း၊ ဝက်လွတ်၊ ရှားတော၊ ငွေသောင် စသော ကျေးရွာများတွင်း အများဆုံး စိုက်ပျိုးကြပြီး ကျောက်စိမ်း၊ ဗီယက်နံ၊ ၆၉၂ စသောမျိုးများ စိုက်ပျိုးထားကာ တစ်အိမ်ထောင်လျှင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ ငရုတ်သီးဈေး ကောင်းသောကြောင့် စည်းပွားဖြစ် တိုးချဲ့ စိုက်ပျိုးလာကြကြောင်း ငွေသောင်ကျေးရွာ ငရုတ်စိုက်တောင်သူ ကိုစိုးမင်းသူထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)