ဆင်ပေါင်ဝဲ သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ငန်းပြားကျေးရွာအုပ်စု၊ ငန်းပြားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလို တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်စီအင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် လ.ဝ.က ဦးစီးဌာန၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်လျှပ်စစ်လုပ်ငန်းနှင့် မြို့နယ်စိုက်/ဘဏ်စသည့် ဌာနများမှ တာဝန်ရှိသူများက မိမိတို့၏ ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)