မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၅)ခရိုင် အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေး သြဂုတ် ၁၅

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကားပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ် အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြ သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဘောလုံးပွဲပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြင့်မားလာစေရန်၊ အားကစား လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများရရှိလာပြီး တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံးအားကစားသမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် ကမ္ဘာပေါ်တွင်သာမက မြန်မာပြည်တွင်လည်း ကလေး၊ လူကြီးမရွေး အားလုံးကြိုက်နှစ်သက်သည့် အားကစားနည်းဖြစ်ပြီး လူမျိုးဘာသာမရွေး လူအများ စုပေါင်းဖွဲ့စည်း၍ လွယ်ကူကစား နိုင်သည့်အပြင် အသင်းလိုက် စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့၏ ကစားနည်း စွမ်းရည်များ တိုးတက်မြင့်မားလာစေရေးအတွက် ခေတ်စနစ်များနှင့် လျော်ညီသော အားကစား နည်းစနစ်များဖြင့် လေ့ကျင့်ရန်လိုအပ်သလို အုပ်ချုပ်သူ/ နည်းပြများမှ ချမှတ်ထားသော စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ အားကစားဆိုတာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ရတဲ့အရာ မဟုတ်ဘဲ အချိန်၊ ငွေ၊ နည်းစနစ်၊ အထောက်အကူပစ္စည်း၊ လူသားအရင်းအမြစ်၊ စီမံခန့်ခွဲမှု စတာတွေနဲ့ တည်ဆောက်ရယူရတာဖြစ်တဲ့အပြင် အားကစားဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ လူငယ်တွေရဲ့ဖွံ့ဖြိုးခြင်းဖြစ်သလို၊ လူငယ်ဖွံ့ဖြိုးမှုဟာလည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့အတွက် နိုင်ငံတော်ရဲ့ အားထားရသော အနာဂတ် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍  ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။

အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို (၁၄-၈-၂၀၂၂)ရက်နေ့မှ (၂၂-၈-၂၀၂၂) ရက်နေ့ထိ နံနက်ပိုင်းနှင့် ညနေပိုင်းပွဲစဉ်များဖြင့် ကျင်းပဆောင် ရွက်သွားမည်ဖြစ်ပြီး၊ အုပ်စု ပထမနေ့ ပွဲစဉ်အဖြစ် သရက်ခရိုင် ဘောလုံးအသင်းနှင့် မကွေးခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးခရိုင်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မင်ဘူးခရိုင်ဘောလုံးအသင်းနှင့် ဂန့်ဂေါခရိုင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ရာတွင်  မင်းဘူးခရိုင်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မောင်ညီညာ