ညောင်ဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော သဲပြင်တောကျေးရွာနှင့် နတ်ပလင်ကျေးရွာသို့ သောက်သုံးရေအလှူရှင် ဦးလူချစ်နှင့်မိတ်ဆွေများအဖွဲ့က ယနေ့နံနက် ၉ နာရီခွဲအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ တဲတိုက်များသည် မြေသားမိုးရေ လှောင်ကန်များ၊ စက်ရေတွင်းများနှင့်အလှူရှင်များလှူဒါန်းသည့် သောက်သုံး ရေကိုမှီခိုအား ထားနေရသည့် ကျေးရွာအများစုရှိနေသေးကြောင်း၊ ညောင်ဦးမြို့နယ်တွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၄ လက်မအောက်သာအမြဲရွာသွန်းသည့် အပူပိုင်းခြောက်သွေ့ဒေသဖြစ်ကာ မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် မြေသားမိုးရေကန်များ၌ ရေဝင်ရောက်မှုနဲပြီး သောက်သုံးရေ ခက်ခဲမှုဖြစ်ပေါ်လေ့ရှိကြောင်း၊ သောက်သုံးရေအလှူရှင်များ လှူဒါန်းသည့်ရေကိုတဲတိုက်များမှီခို အားထားနေရကြောင်းလည်းသိရသည်။ အညာဒေသတွင် တဲတိုက်အခေါ်အဝေါ်သည် ထန်းတောင်သူများ ထန်းလုပ်ငန်းလုပ်ကိုင်ချိန် ထန်းတောများသို့ ပြောင်းရွေ့ထန်းလုပ်ငန်းလုပ်ကိုင်ရာမှ ရွာတဲသို့ပြန်လည်ပြောင်းရွေ့ ခြင်းမရှိကြတော့ပဲ ရေကြည်ရာမြာက်နုရာအဖြစ် တစ်တဲစ၊ နှစ်တဲစနေထိုင်လုပ်ကိုင်စား သောက်နေထိုင်ရာမှ တဲတိုက်(အိမ်ခြေများ) များပြား လာကာ အချို့တဲတိုက်များတွင် အိမ်ခြေ ၅၀၊ ၆၀ ထိရှိလာခဲ့ကြောင်း ကောင်းပင်စည်တဲတိုက်နေ ထန်းတောင်သူ ဦးဝင်းစိုးထံမှ သိရသည်။
ကိုကြေးမုံ