မုံရွာ သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဂုဏ်ပြုမိတ်ဆုံစားပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ တက္ကသိုလ်ကျောင်းရှိ ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ စီးပွားကဏ္ဍဟာ အရေးပါပြီး စီးပွားရေးဘွဲ့ရများဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပေါ်လစီများ ချမှတ်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှာ မိမိတို့ တက်မြောက်ထားတဲ့ ပညာရပ်များကို အကောင်းဆုံးအသုံးချသွားကြရန် လိုအပ်ပါကြောင်း၊ စာရင်းအင်းပညာဘွဲ့ရ မောင်မယ်တွေဟာ နိုင်ငံရဲ့စာရင်းအင်း အချက်အလက်တွေကို မှန်မှန်ကန်ကန် ရေးဆွဲ သုံးသပ်နိုင်ရေးအတွက် မိမိတို့တက်မြောက်ထားတဲ့ ပညာရပ်များနဲ့ အားဖြည့်ပေးရမှာ ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ဟာ မိမိတို့သက်ဆိုင်ရာ ဘာသာရပ်တွင်သာမက နိုင်ငံတကာသုံး အင်္ဂလိပ်စာ၊ နည်းပညာနှင့် ကွန်ပျူတာပိုင်းဆိုင်ရာများမှာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး အတွက်လည်း မိမိတို့ရဲ့အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ၍ လေ့လာဆည်းပူးသွား ကြရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ဟာ ပညာခေတ်ဖြစ်သည်နှင့်အညီ အသိပညာ၊ အတက်ပညာ များကို စဉ်ဆက်မပြတ် လေ့လာသင်ယူရင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင် ရွက်ပေးနိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာလည်း ဘာသာရပ်ဆိုင်ရာ စာအုပ်များသာမက သုတ၊ရသနှင့်ဆိုင်သော စာအုပ်စာပေများကိုပါ ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ပေးထားပါကြောင်း၊ မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်ဖို့၊ သူတစ်ပါးပြောတိုင်း နားမယောင်ဖို့၊ အမှားအမှန် ခွဲခြားသိမြင်စေဖို့ စာကောင်းစာသန့်များ ရွေးချယ်ဖတ်ရှုတတ်ဖို့လည်း အထူးမှာကြားလို ပါကြောင်း၊ ယခုခေတ်က Social Media ကို လူတိုင်းအသုံးပြုကြတဲ့အခါ အခြေအမြစ်မခိုင်မာတဲ့ သတင်းတုသတင်းယောင် သတင်းမှားတွေကို အဟုတ်ထင်ပြီး လမ်းမှားရောက်နေကြတဲ့ လူငယ်များစွာရှိပါကြောင်း၊ ဒါကြောင့် မိမိကိုယ်တိုင် ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိဖို့ အသိပညာ၊ ဗဟုသုတကြွယ်ဝဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက နှုတ်ခွန်းဆက် စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြင့်သည်။
ဆက်လက်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က ကြက်တောင်ရိုက်အားကစား (အမျိုးသား)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြ သူများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ ပါမောက္ခချုပ်ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များက ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ EIM Fitness Dance ပြိုင်ပွဲ၊ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များအား အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ၏ အဆို၊အကများဖြင့် ဧည့်ခံဖျော်ဖြေမှု များအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဆို၊ အက အဖွဲ့များအတွက် ပါမောက္ခချုပ် ဆရာမကြီးထံ ငွေကျပ် ၅ သိန်းအား ပေးအပ်ချီးမြင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာ အတူသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)