ပခုက္ကူမြို့၌ ကျောင်းကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ  သြဂုတ် ၁၄

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစနစ်ပုံစံများ၊ ကျောင်းဝန်းပြင်ပ လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေးတို့ကို သိရှိနိုင်စေရန်အတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်းပြုလုပ်သည့် ကျောင်းကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်က ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိနားလည်ပြီး ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ ကျောင်းဝန်းပြင်ပ လှုပ်ရှားသွားလာရာတွင် ကျောင်းကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာနိုင်စေတို့အတွက် ရည်ရွယ်ကာ ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းထွန်းဦးက သံကောင်၊ တုပ်ကောင်ရောဂါအကြောင်းသိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နည်းလမ်းများ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများ၊ စနစ်တကျသွားတိုက်နည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အကြောင်းတို့ကို လည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ပခုက္ကူခရိုင်)ရုံးမှ ရဲတပ်ကြပ်ကြီးနိုင်မိုးက ယာဉ်မောင်းသူများ လိုက်နာရမည့်ယာဉ်စည်းကမ်းများ၊ လမ်းဖြတ်ကူးသွားလာနေသည့် ပြည်သူအများ လိုက်ရမည့်လမ်းစည်းကမ်းများ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့်အဓိကအကြောင်းအရင်းများ၊ မြို့တွင်းလမ်းမများတွင် သတ်မှတ်ထားရှိသည့် သင်္ကေတအမှတ်အသားများအဓိပ္ပာယ်များ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ ဖောက်‌ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဝန်ထမ်းများ၊ အမျိုးအသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ကျောင်းကျန်းမာရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာ ပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)