စစ်တွေမြို့၊ အဓိဋ္ဌာန်ဆရာတော်ကြီး ဘဒ္ဒန္တကုလရက္ခိတ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ မွေးနေ့မင်္ဂလာပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက်ပူဇော်

စစ်တွေ   ဩဂုတ်  ၁၄

ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ကျေးဇူးတော်ရှင် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာထေရ်မြတ်ကြီး၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ မွေးနေ့အလှူမင်္ဂလာပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိသိမ်တော်ကြီး၌ အဓိဋ္ဌာန်သာသနာပြုအဖွဲ့မှ ဦးဆောင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ တက်ရောက်ပူဇော်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းအမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်ကြီးမွေးနေ့အတွက် လှူဒါန်းငွေကျပ် ၂၅ သိန်းအား ဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက  ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆရာတော်ကြီး၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုဝိဇာတမင်္ဂလာပွဲတော်တွင် သံဃာတော် (၇၆)ပါးတို့အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ လူပေါင်း(၄၀၀၀) ကျော်တို့အား အာဟာရဒါန ထမင်းထုပ်၊  ဟင်းထုပ်များ ပေးကမ်းလှူဒါန်းခြင်းနှင့်ကံစမ်းမဲများ ဖောက်ခြင်းနှင့် ရခိုင်အဆိုတော်တေးသံရှင်များက တေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ခြင်းများ ထည့်သွင်း ကုသိုလ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)