သရက် ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ လူငယ်များအတွက် ဇာတက အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက အဖွင့်အမှာစကား ပြောရာတွင် လူငယ်များအား စာရိတ္တကောင်းမွန်စေပြီး လူတော် လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်းကာ စာဖတ်ဝိုင်းများ၊ စာပေပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ အမျိုးသား ပညာဝန် ဦးဖိုးကျား ရေးသားသည့် ငါးရာငါးဆယ် ကောက်နှုတ်ချက် ဝတ္ထုများမှ လူငယ်များအတွက် ဇာတက ဝတ္ထုကို လူငယ်များ အတုယူစေရန် Book Club အဖွဲ့ဝင်များက ဆွေးနွေးကြမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းက မိမိစိတ်ကို အောင်နိုင်သည့် ပညာရှိသော ပေါက်တူး မင်းသားဝတ္ထု၊ ဒေါ်ဖြူဖြူဟန်က ဆရာတပည့် ဆက်ဆံရေးနှင့် ပတ်သက်၍ သံဝရ မင်းသားဝတ္ထု၊ ဦးမြင့်ဆွေက မိဘကျေးဇူးသိတက်ပုံကို ကေဒါရကျေးမင်းဝတ္ထု၊ ဆရာမ ဒေါ်မြို့ရင်က ပညာဉာဏ်ကြီးမားမှုနှင့် ပတ်သက်၍ မဟောသဓာသားတရားစီရင်ခန်း၊ ဆရာမ ဒေါ်အေးအေးစန်းက ဇွဲလုံးလနှင့်ပတ်သက်၍ မဟာဇနက္ကမင်းသား ဝတ္ထုတို့ကို အသီးသီးဆွေးနွေးခဲ့ရာ မောင်းမင်းသိမ်း(သရက်)က ဆရာ/ဆရာမများ၏ ဆွေးနွေးမှုအပေါ် ကျောင်းသား၊ ကျောင်းသူများက လေ့လာမှတ်သားကာ မိမိ၏တို့ဘဝ အောင်မြင်တိုးတက်ပြီး နိုင်ငံတော်အတွက် တန်ဘိုးရှိသည့် သားကောင်း သမီးမွန်များဖြစ်လာစေရန် ကြိုစားကြရန် ပြောကြားပေးခဲ့ ကြောင်း သိရသည်။
ဇော်ထက်(သရက်)