လူငယ်များ အသိပညာဗဟုသုတ ရှာမီးရရှိစေရန် မအီမြို့ ပြည်သူ့စာကြည်တိုက်၌ စာအုပ်စာစောင်များ ငှားရမ်းပေး

မအီ ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာဗဟုသုတ တိုးပွားလာစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာ စေရေးနှင့် စာပေ၏အကျိုးကျေးဇူးများ သိရှိနားလည်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုး ဘာသာမရွေး အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် ပတ်သက်၍ အဆိုပါ ပြည်သူ့ စာကြည့်တိုက်မှ ဒေါ်လွင်လွင်ပြုံး (ရုပ်သံကျွမ်းကျင်-၃) ကို မေးမြန်းကြည့်ရာတွင်  "စာကြည့်တိုက်ကို ရုံးဖွင့်ရက်တိုင်းမှာ နံနက် ၉ နာရီ ၃၀ မှ ညနေ ၄ နာရီ ၃၀ အချိန်ထိ ဖွင့်လှစ်ထားရှိပါကြောင်း၊ အသင်းဝင် တစ်ဦးကို တစ်ကြိမ်လျှင် စာအုပ်(၂)အုပ် ငှားရမ်းနိုင်ပါ ကြောင်း၊ အသင်းဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မည်သူမဆို စာကြည့်တိုက်အတွင်း၌ စင်တင်ထားသည့် စာအုပ်များကို စာကြည့်တိုက်ဖွင့်ချိန်မှ ပိတ်ချိန်အထိ လွတ်လပ်စွာဖြင့် (အခမဲ့)ဖတ်ရှုနိုင်သကဲ့သို့  ပြသထာသော ရုပ်သံအစီအစဉ်များကိုလည်း ကြည့်ရှုနိုင်ပါကြောင်း၊ စာကြည့်တိုက်အသင်းကို လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ လူကြီးလူငယ်မရွေး၊ ကျား/မမရွေး အသင်းဝင်ရောက်နိုင်ပြီး စာအုပ်များကို (အခမဲ့)ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ "ကျွန်မတို့ဌာန စာကြည့်တိုက်မှာ ပြည်သူလုထု ဗဟုသုတ ရှာမီးရရှိစေရန် ရည်ရွယ်ဖွင့်လှစ် ထားတဲ့ ပြည်သူတို့၏ ပြည်သူ့စာကြည်တိုက်ပင် ဖြစ်ပါကြောင်း၊ အသင်းဝင်တို့၏ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းများကို စာကြည့်တိုက်သို့ အခမဲ့စာလာဖတ်ရန်နှင့် စာအုပ်များ ငှာရမ်းနိုင်ရန်တို့အတွက် လက်ဆင့်ကမ်း ခေါ်ဆောင်လာကြပါရန်  ဖိတ်ခေါ်ပါကြောင်း၊ စာပေချစ်မြတ်နိုးသူများကို မအီမြို့ ပြည်သူ့ စာကြည့်တိုက်မှ လက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း ဒေါ်လွင်လွင်ပြုံးက ပြောကြားသည်။

မောင်မောင်ဌေး(ပြန်/ဆက်)