စစ်တွေမြို့နယ်အတွင်း စားသုံးဖူလုံစွာရရှိနိုင်ရေးအတွက် မြေပဲဧက ၅၀၊ ဆီမုန်ညင်းဧက ၅၀ နှင့် နေကြာဧက ၄၀ တိုးချဲ့စိုက်ပျိုးသွားမည်

စစ်တွေ ဩဂုတ် ၁၄

စစ်တွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံများအဖြစ် နှံစားသီးနှံ၊ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံ များ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ အခြားသီးနှံများနှင့် ပန်းအမျိုးမျိုး စိုက်ပျိုးနိုင်ရန် လျာထား လျက်ရှိပြီး အဆိုပါလျာထားချက်များတွင် မြေပဲ ဧက ၅၀၊ ဆီမုန်ညင်းဧက ၅၀နှင့် နေကြာ ဧက ၄၀ တို့ကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်အေးထံမှ သိရ သည်။

ထိုသို့ စိုက်ပျိုးနိုင်ရန်လျာထားမှုအပေါ်တွင် စစ်တွေမြို့နယ်၏ စိုက်ဧရိယာနှင့် လူနေထူထပ်မှုအပေါ် ဦးတင်အေးက “ကျွန်တော်တို့ စစ်တွေမြို့နယ်ကတော့ တစ်နည်းအားဖြင့် စိုက်ဧရိယာက ကျဉ်းမြောင်းပါတယ်၊ စိုက်ပျိုးဧရိယာ ၂၂၀၀၀ ကျော်ဘဲရှိပါတယ်။ လူဦးရေအားဖြင့်ထူထပ်တဲ့ အနေအထားမျိုးမှာရှိတဲ့ အတွက်တာ ကြောင့် ဆီဖူလုံမှုရော၊ ဆီဖူလုံမှုရော၊ ပဲဖူလုံမှုရော ဒါတွေအားလုံးက ကျွန်တော်တို့မြို့နယ်အနေနဲ့ ဖူလုံမှု မရှိပါဘူး၊ ဆီဖူလုံမှုဆိုလို့ရှိရင် ၁၄ ရာခိုင်နှုန်းလောက်နဲ့ ဆန်ဖူလုံမှုဆိုရင် ၄၀ ရာခိုင်နှုန်းလောက်ဘဲ ရှိပါတယ်၊ ဒါတွေကတော့ ဧရိယာနည်းပြီး လူနေထူထပ်တာကြောင့် ဖြစ်ပါတယ်၊ ဒါဘယ်မယ့် ကျွန်တော်တို့က အတတ် နိုင်ဆုံး ဆီဖူလုံမှုကို စားသုံးဆီတွေကို တခြားပြည်နယ်နဲ့တိုင်းတွေက မတင်သွင်းရအောင် ကျွန်တော်တို့လည်း လူကြီးတွေရဲ့ ဌာနကလမ်းညွှန်ချက်တွေနဲ့အညီ ကျွန်တော်တို့ စီမံဆောင်ရွက်လျက်ရှိပါတယ်၊ ဒီလိုစီမံ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့မှာ လုပ်ငန်းစဉ်တွေရှိပါတယ်၊ ကျွန်တော်တို့မှာ လုပ်ငန်းတစ်ခုကို လုပ်မယ် ဆိုရင် စမ်းသပ်ကွက်တွေ၊ စံပြကွက်တွေလုပ်ရတယ်၊ ဒီလိုအဆင့်ဆင့်ပေါ့၊ ဒီနှစ်မှာ စမ်းသပ်ကွက်တွေ လုပ်လို့ပြီးရင် စံပြကွက်တွေလုပ်ရတယ်၊ စံပြကွက် လုပ်ပြီးတဲ့အခါမှ တောင်သူတွေကိုခေါ်တယ်၊ ပြတယ်၊ ဒီလိုပြပြီးတဲ့အခါပြီးမှ လုပ်ငန်းရှင်တွေ ဒါတွေကို စိတ်ဝင်စားပြီးတော့ ဒါတွေကို များများစားစားစိုက်ပျိုးဖို့ ဖြစ်ပါတယ်” ဟုပြောသည်။

စစ်တွေမြို့နယ်တွင် လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြေပဲကို ဧက ၅၀၊ ဆီမုန်ညင်းကိုဧက ၅၀ နှင့် နေကြာကို ဧက ၄၀၊ စိုက်ပျိုးနိုင်ရန် ဒေသစီမံကိန်အနေဖြင့် ရေးဆွဲလျက်ရှိသည်။ ယခုကဲ့သို့ တိုးချဲ့စိုက်ပျိုးနိုင်ရန် နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ဒေသမှာလိုအပ်နေသည့် ဆီထွက်သီးနှံဖြစ်သည့် ပဲမျိုးစုံ၊ ဆီမုန်ညင်းနှင့် နေကြာတို့ကို တိုးချဲ့စိုက်ပျိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဦးတင်အေးကပြောသည်။

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် “ကျွန်တော်တို့အနေနဲ့ ဆီထွက်သီးနှံဘဲဖြစ်ဖြစ် ပဲမျိုးစုံဘဲဖြစ်ဖြစ် လယ်ယာ ထွက်ကုန်တွေ တိုးတက်ထုတ်လုပ်တယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိမယ်၊ ပြီးတော့တစ်ခါ ကုန်သည်တွေ လည်းရောင်းဝယ်ဖောက်ကားမှုတွေ ရရှိလာကာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်၊ ဒီလိုဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့က စီမံကိန်းလျာထားချက်တွေအပြင် ဒေသစီမံကိန်းတွေ ရေးဆွဲပြီးတော့ ကျွန်တော်တို့ တစ်စိုက် မတ်မတ် ဆောင်ရွက်နေတာရှိပါတယ်၊ ဒီနှစ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒေသဆီဖူလုံမှုကို အထောက်အကူဖြစ်ဖို့ အတွက် ဒေသစီမံချက်အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ကွင်းဆင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီလိုကွင်းဆင်းတဲ့ အခါမှာ တောင်သူတွေနဲ့ ကျွန်တော်တို့အဖွဲ့တွေနဲ့ တွေ့တဲ့အခါ တောင်သူတွေက (ဥပမာ)မြေပဲတို့၊ နှမ်းတို့၊ ဆီမူညှင်းတို့အတွက် ပြဿနာမရှိဘယ်မဲ့ နေကြာကိုပြောလာပါ တယ်၊ ဒီနေကြာကို ဘယ်သူဝယ်မလဲ့ ဆီစက်တွေကလည်း မဝယ်ဘူး၊ ဒီတင်ပြလာကြပါတယ်၊ ဒီလိုနေကြာကို ပြောလာတဲ့အခါကျတော့ ကျွန်တော်တို့ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ရုံးမှာ ဆီစက်လုပ်ငန်းရှင်တွေနဲ့ ကုန်သည် လုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ တွေ့ဆုံပါတယ်၊ တွေ့တဲ့အခါ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ၊ ဆီစက်လုပ်ငန်း ရှင်တွေက ဦးစီးတို့မှာ စိုက်ဖို့ရှိတာတွေကို စိုက်ပျိုးကြပါ၊ ကုန်ပစ္စည်းထွက်လာလို့ရှိရင် ကျွန်တော်တို့ဖြုန်း တီးပေးပါမယ် ဆိုတာမျိုး ကျွန်တော်တို့ အာမခံချက်ရရှိထားပါတယ်၊ ဒီလိုအာမခံချက်ရရှိတဲ့အပေါ်မှာ ကျွန်တော်တို့ကလည်း စည်းရုံးဆောင်ရွက်တဲ့အခါ စီမံကိန်းကို အကောင်အထည်ဖော်တဲ့ အခါအလွန်တရာမှ အထောက်အကူရပါတယ်” ဟု ဦးတင်အေးက ပြောသည်။

စစ်တွေမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံ စိုက်ဧကပေါင်း ၁၉၉၅ ဒသမ ၅၀ ဧက စိုက်ပျိုးခဲ့ပြီး ဆီထွက်သီးနှံစိုက်ဧက ၆၂ ဒသမ ၀၀ ဧကသာစိုက်ပျိုးခဲ့သည်။ ဆီထွက်သီးနှံအနေဖြင့် မြေပဲ (ဆင်းပဒေသာ ၁၁ - ၇)၊ နေကြာစပ်မျိုးမျိုး၊ ဆင်းရွှေကြာ(၂)၊ နှမ်း(ဆင်းရတနာ- ၂)။ ဆီမုံညှင်း (ဒေသမျိုး) တို့ကို စိုက်ပျိုးလျက် ရှိသည်။ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နယ်အပါအဝင် မိုးစပါးကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ဟင်းသီး ဟင်းရွက်များကိုလည်း စိုက်ပျိုးလျက်ရှိကြသည်။ သို့သော်လည်း မိုးများသောဒေသဖြစ်သည့်အတွက် ဟင်းသီး ဟင်းရွက်ဖြစ်ထွန်းမှုမှာ အလွန်နည်းပါးပြီး တစ်ခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့က တင်သွင်းသည့် ဟင်းသီး ဟင်းရွက်များကိုသာ ဝယ်ယူစားသုံးနေရကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသမှာက စပါးပြီးရင် ဟင်းသီးဟင်းရွက်တွေကို အဓိကစိုက်ကြတာပေါ့၊ ပြီးတော့ တစ်ခါ   စပါးမစိုက်တဲ့လယ်တွေမှာ ကုန်းတွေမှာ မိုးဟင်းသီးဟင်းရွက်တွေကို စိုက်ကြတယ်၊ မိုးဟင်းသီး ဟင်းရွက် တွေကို စိုက်တဲ့အခါမှာ ပုံမှန်အားဖြင့်တစ်နှစ်ကိုမိုးရေချိန်လက်မ ၂၀၀ လောက်ရွာ သွန်းတဲ့ အနေအထားမျိုးမှာ (ဥပမာ)ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ဂေါ်ဖီတို့၊ ပန်းမုံလာတို့၊ ခရမ်းချဉ်တို့၊ ငရုပ်တို့စတဲ့သီးနှံတွေကျရင် ဖြစ်ထွန်းဖို့ နည်းပါတယ်၊ ဒီလိုဖြစ်ထွန်းမှုနည်းတဲ့အခါကျတော့ ကျွန်တော်တို့က၊ မကွေးတိုင်းတို့၊ ပဲခူးတိုင်းတို့စသည် အားဖြင့် ရှမ်းပြည်နယ်တို့ဘက်က ဟင်းသီးဟင်းရွက်တွေကို ကျွန်တော်တို့ဆီကို တင်သွင်းနေရတယ်၊ ဒီလိုမျိုး တွေဖြစ်တယ်၊ ဆိုရင် ကျွန်တော်တို့က ဒီဟင်းသီးဟင်း ရွက်တွေမလုံလောက်ဘူး မိုးတွင်းမှာ ဒါဘယ်မဲ့ ဆောင်းတွင်းကျတော့ ဒီဘက်က စပါးမစိုက်တဲ့ လယ်တွေ၊ သဲဆန်ကုန်းကျောနေရာတွေမှာ ဟင်းသီးဟင်းရွက် တွေစိုက်ကြတယ်၊ နောက်ထပ်ပြီးတော့ စပါးစိုက်ပြီးတဲ့အခါ ဟင်းသီးဟင်းရွက်တွေစိုက်ကြတယ်၊ ဆိုတော့ ကျွန်တော်တို့ ဒေသမှာ ဆောင်းတွင်းဆိုရင် ဟင်းသီးဟင်းရွက်က အင်မတန်ဈေးချိုပြီးတော့ ဒီလိုမျိုး ဖြစ်တဲ့ အခါ တောင်သူတွေ တွက်ခြေမကိုက်ပြန်ဘူးပေါ့၊ ဆိုရင်တောင်သူတွေကို ပြောချင်တာက ကျွန်တော်တို့ ဒေသမှာ အဓိက တွက်ခြေကိုက်တဲ့သီးနှံက ဘာရှိလဲဆိုတော့ ငရုပ်ပေါ့၊ ငရုပ်စိုက်တဲ့ အခါမှာ ဈေးကောင်း ရနေတဲ့ အချိန်မှာ အစိမ်းခူးပြီးရောင်းတယ်၊ ဈေးမကိုက်တော့ဘူးဆိုရင် အခြောက်ထားတယ်၊ ဆိုရင်သူတို့ ကြိုက်ဈေးရ တယ်၊ အကျိုးအမြတ်ရမဲ့အချိန်ကာလတစ်ခုကို သိုလှောင်ထားပြီးရင် ဈေးကွက်ရတဲ့ အခါရောင်းချ နိုင်တယ်၊ ဆိုလိုရှိရင် မြေပဲဘဲဖြစ်ဖြစ်၊ နှမ်းဘဲဖြစ်ဖြစ်၊ နေကြာဘဲဖြစ်၊ ကျွန်တော်တို့ ဒီလိုလုပ်လို့ရတယ်၊ ဒီလိုလုပ်လို့ရတဲ့ အပေါ်မှာ တောင်သူတွေ တို့ချဲ့စိုက်ပျိုးဖို့ လိုအပ်ပါတယ်၊ တိုးချဲ့စိုက်အောင်လည်း ကျွန်တော် တို့က စံပြကွက်တွေလုပ်တယ်၊ စမ်းသပ်ကွက်တွေ လုပ်တယ်၊ တောင်သူတွေကို ခေါ်ပြတယ်၊ ဒီလိုမျိုးတွေ လုပ်နေခြင်းဖြစ်ပါတယ်” ဟု ဦးတင်အေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့အပါအဝင် မည်သည့် ဒေသ၌မဆို ဆီထွက်သီးနှစ်ဖြစ်သော မြေပဲ၊ နေကြာ၊ ဆီမုံညှင်းများကို စိုက်ပျိုး၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ သို့သော်လည်း တောင်သူလယ်သမားများမှာ အရင်းအနှီးနည်းပါးခြင်းကြောင့် တစ်နိုင်တစ်ပိုင်သာစိုက်ပျိုးလျက်ရှိကြသည်။ တောင်သူများ၏ တစ်နိုင်တစ်ပိုင် အတွက်သာ စိုက်ပျိုးခြင်းကြောင့် ဒေသတွင်းကုန်စည်ဒိုင်များမရှိခြင်း၊ ဈေးကွက်မဖော်နိုင်ခြင်းကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုမှာ နည်းပါးနေခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေခြင်းအပေါ် “ဘယ်လိုဖြစ်သင့်လဲဆိုတော့ လုပ်ငန်းရှင်တွေက အရင်းအနှီးတွေ ထုတ်ပေးပြီး တော့ ကန်ထရိုက်လယ်ယာစနစ်တွေကို သွားရမှာဖြစ်ပါတယ်၊ ဒါတွေကိုကျွန်တော်တို့ ဝန်ကြီးဌာနကလည်း ပြဌာန်းထားပြီးသားဖြစ်တယ်၊ ဒါတွေလုပ်ဖို့အတွက် ကျွန်တော်တို့ကို တစိုက်မတ်မတ်ညွှန်ကြား နေတာတွေ ရှိပါတယ်၊ ဒီကုန်ထုတ်လုပ်မှုတွေတိုးတက်ဖို့ အတွက်တော့ ဒီကန်ထရိုက်လယ်ယာစနစ်ကို သွားကိုသွားရပါ မယ်၊ ဒါတွေကိုလည်း လုပ်ငန်းရှင်တွေ စိတ်ဝင်စားဖို့ လိုပါတယ်” ဟု ဦးတင်အေးက ပြောကြားသည်။

စစ်တွေမြို့နယ်၏ စားသုံးဆီဖူလုံရေးအတွက် ဒေသစီမံကိန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် ပူးပေါင်းဌာနဆိုင်ရာများနှင့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းလျက်ရှိသည်။ ထို့ကြောင့် လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်တွေမြို့နယ်၏ စားသုံးဆီဖူလုံးရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်းနှင့် ဆီမုန်ညင်းများကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)