မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ပြည်နယ်၀န်ကြီးချုပ်တက်ရောက်

မော်လမြိုင် ဩဂုတ် ၁၄

မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ ကြံ့ခိုင်စေရေး၊  အရည်အချင်း ပြည့်သော အားကစား သမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံး အားကစား ဝါသနာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ သည်။

ရှေးဦးစွာ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအသင်းများက ကွင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရာမှာ အဓိကကျတဲ့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေး အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ် ပေးလျက်ရှိရာ ယခုအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကိုက ကျင်းပ ပြုလုပ်ရခြင်းမှာ မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန်၊ ကျောင်းသား လူငယ်များ ဘောလုံးအားကစားနည်းကို စိတ်ဝင်စား လာစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ်ဘောလုံးအသင်း အောင်မြင်မှု ရရှိစေရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့်  ကျန်းမာကြံ့ခိုင်သည့် ကျောင်းသားလူငယ်များဖြစ်‌ပေါ် လာစေ ရန်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ဘောလုံးအားကစားနည်းသည် အများ ပြည်သူများ ကြိုက်နှစ်သက်သည့် အားကစားနည်းတစ်ရပ်ဖြစ်သလို ဘောလုံး အားကစား အဆင့်တန်း မြင့်မားလာစေရေးအတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအပြင် အခြေခံ ကျောင်းများပါမကျန် ဘောလုံးအားက စားပြိုင်ပွဲများ ဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊ မွန်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းသည် မြန်မာ့ဘောလုံး အားကစား သမိုင်းတစ်လျှောက် အောင် မြင်မှုများ ရရှိခဲ့သလို ပြီးခဲ့တဲ့တိုင်းဒေသ ကြီး၊ ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မွန်ပြည် နယ်အသင်းမှ ဒုတိယဆု ရရှိခဲ့ကြောင်း၊ ကျောင်းနေပျော်၍ စာတော်ရမည် ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျောင်းသား ကျောင်းသူများ ပျော်ရွင်စွာ ပညာသင်ကြားရန် လိုအပ်သလို တစ်ဖက်ကလည်း အားကစား ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အားကစားလှုပ်ရှားမှုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အထူးအလေးပေး ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစား အဆင့်တန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အားကစားကောင်းများ ပေါ်ထွက် လာစေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်း ကြောကြားခဲ့ သည်။

ဆက်လက်၍ ပြိုင်ပွဲ၀င် အားကစား သမားများက အားကစားအဓိဌန် ရွတ် ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပထမနေ့ပွဲစဉ်အဖြစ် အ.ထ.က(၁၃)အသင်းနှင့် အ.ထ.က(မုဒွန်း)အသင်းတို့ ယှဉ်ပြိုင်ကစားနေမူကို ကြည့်ရှုအားပေးခဲ့သည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား အခြေခံ ပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲ၀င်အသင်း(၃၁)သင်း ၀င်ရောက်ယှဉ်ပြိုင်ပြီး ဩဂုတ်လ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်