ပွင့်ဖြူ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ် နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိစေရန် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း (ဘုရားပန်း)စိုက်ပျိုးရေးလုပ်ငန်းကို အားထား လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း မှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံက သိရ သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် ဂန္ဓမာပန်း (ဘုရားပန်း) စိုက်ပျိုးရေးလုပ်ငန်းကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၄)လအကြာတွင် ရောင်းတန်းဝင် ဂန္ဓမာပန်း (ဘုရားပန်း)များကို ဆွတ်ခူး ရောင်းချရကြောင်း သိရသည်။ ထိုသို့ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက ပျိုးပင်များကို ပြင်ဦးလွင်မြို့မှ ဂန္ဓမာပန်းပျိုးပင် တစ်ပင်လျှင် ငွေ ၁၅ ကျပ်နှုန်းဖြင့် ဝယ်ယူပြီး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ဂန္ဓမာပန်းပျိုးပင်ရေ သုံးသောင်းခွဲခန့် စိုက်ပျိုးပါက စိုက်ပျိုး စရိတ်၊ သွင်းအားစုပစ္စည်းဖိုးနှင့် အလုပ်သမား ငှားရမ်းခစရိတ်အတွက် ကုန်ကျငွေ ၁၂ သိန်းခန့်ရှိကြောင်းနှင့် ယခုအခါ ဂန္ဓမာပန်းစိုက်ခင်းများမှာ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကွက်အတွင်း ရောင်းချနေ ရပြီဖြစ်ကာ ငွေကျပ်သိန်း(၃၀)ခန့်ရရှိရန် မျှော်မှန်းထားကြောင်း ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း (ဘုရားပန်း) စိုက်ပျိုးရောင်းချသည့် ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ယောစုကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် ဂန္ဓမာပန်း၊ မေမြို့ပန်း၊ နှင်းပန်း၊ နှင်းဆီပန်း၊ သစ္စာပန်း၊ ကံ့ကော်ပန်း၊ စံပါယ်ပန်း၊ သပြေပန်းမျိုးစုံနှင့် စားဖိုဆောင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံတို့ကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ပွင့်ဖြူဒေသထွက် ဂန္ဓမာပန်း(ဘုရားပန်း)သည် လတ်ဆတ်မှုရှိပြီး တာရှည်ခံသည့်အတွက် ဒေသခံပြည်သူများက အကြိုက်တွေ့ ဝယ်ယူကြသည့်အပြင် မင်းဘူး၊ စလင်း၊ မကွေးများသို့ တင်ပို့ ောင်းချနေရသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ် ရရှိကာ အညာကျေးလက်ဒေသများရှိ တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူများ လုပ်ငန်းအဆင်ပြေ လျက်ရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)