သထုံမြို့၌ Social Media အသုံးပြုခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ     ဩဂုတ်    ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်ရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)တွင် Social Media အသုံးပြုခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက လူမှုကွန်ရက်စာမျက်နှာများကို အသုံးချကာ နည်းလမ်းပေါင်းစုံဖြင့် သွေးထိုးလှုံ့ဆော်ရေးသား ဖြန့်ဝေနေသည့် သတင်းအမှားများ၊ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့်သတင်းများအား ရှောင်ရှားတတ်စေရေးနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံပိုင်သတင်းစာများ၊ သတင်းရုပ်သံများတို့ကိုကြည့်ရှုရေး၊ ကျောင်းသားလူငယ်များ အနာဂတ် သားကောင်းများဖြစ်လာရေးအတွက် စာအုပ်စာပေများလေ့လာဖတ်ရှုကြရေးနှင့် စာကြည့်တိုက်များ အသုံးပြုကြရေးတို့ကို ဟောပြောသည်။

ဆက်လက်၍ မိခင်ကလေးကျန်းမာရေးဌာနမှအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်နှင့် ကြာပန်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်သီသီမာတို့က ဆေးလိပ်ဆေးရွက်ကြီး အသုံးပြုခြင်းကြောင့် ခံစားရမည့်ကျန်းမာရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် တားဆီးကာကွယ်ရေးဆိုင်ရာ ရှောင်ရန်/ဆောင်ရန် သိကောင်းစရာများနှင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ခြင်အန္တရာယ်ကာကွယ်ရေး၊ ပိုးလောက်လန်းနှိမ်နင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ မျိုးဆက်ပွားကျန်းမာရေး စသည့်ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ များကို အသီးသီး ဆွေးနွေးဟောပြောကြရာ ကျောင်းသူကျောင်းသားများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးပြီး ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်နှင့်ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)