ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးခြင်း (Table Talk Simulation)နှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

တောင်ကြီး သြဂုတ် ၁၄

ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးခြင်း (Table Talk Simulation) နှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို သြဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် မတ်လ (၂၄)ရက်နေ့ တွင် တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ၌ ဖြစ်ပေါ်ခဲ့သည့် အင်အားရစ်ချ်တာစကေး(၇)အဆင့်ရှိ တာလေ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ(၇၆)ဦးနှင့် ဒဏ်ရာရရှိသူ(၁၀၀)ဦးထိ ရှိခဲ့ကြောင်း၊ လက်ရှိငလျင် လှုပ်ခတ်မှုအခြေအနေကို ကြည့်မည့်ဆိုပါက ဇူလိုင်လတစ်လတည်းတွင် မြန်မာနိုင်ငံတစ်ဝန်း ငလျင် လှုပ်ခတ်မှု အကြိမ်ပေါင်း (၅၇)ကြိမ်ခန့် ဖြစ်ပွားခဲ့သည့်အနက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အင်အားအသင့် အတင့်နှင့် အသေးစား ပြင်းအားရှိသည့် ငလျင်(၄၅)ကြိမ် လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိရသည့်အပြင် ဆက်လက်ပြီး လှုပ်ခတ် နေဆဲ အခြေအနေများကို အားလုံးကြားသိရမှာဖြစ်ကြောင်း၊ ငလျင်၏ ပြင်းအား အပေါ်မူတည်၍ ဖျက်ဆီးမှု စွမ်းအား ကွာခြားမှုရှိသလို လူဦးရေထူထပ်မှု၊ အထပ်မြင့်အဆောက်အဦများ များပြားမှု၊ ကြိုတင်ပြင်ဆင်ခြင်း အားနည်းမှုနှင့် ပြည်သူလူထု၏ ငလျင်ဘေးဆိုင်ရာ အသိပညာ ဗဟုသုတ ပြည့်စုံမှု ရှိ၊ မရှိဆိုသည့် အချက်များပေါ်မူတည်ပြီး ထိခိုက်ဆုံးရှုံးမှု အနည်းအများ ကွာခြားသွားမှာဖြစ် ကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူနေထူထပ်ပြီး အထပ်မြင့်အဆောက်အဦများပြားသည့် တောင်ကြီးမြို့ အပါအဝင် လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်စသည့် မြို့ကြီးများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက် လေ့ကျင့်ခန်းများ ဦးစားပေး ဆောင်ရွက်နေတာဖြစ်ပြီး အစမ်းလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ဘေးအန္တရာယ်နှင့် တကယ်ကြုံတွေ့လာ ရသည့် အချိန်တွင် တွေဝေမနေဘဲ လုပ်သင့်လုပ်ထိုက်သည့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း အားဖြင့် မလိုလားအပ်သည့် အသက်အန္တရာယ်နှင့် အခြားထိခိုက်ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ့များမှ တာဝန်ရှိသူများအနေနှင့် ထိရောက်မြန်ဆန်မှန်ကန်သည့် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင် ဆွေးနွေး လေ့ကျင့်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးခြင်း (Table Talk Simulation) နှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးခြင်း (Table Talk Simulation Exercise) စတင်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ (၁၀)ခုမှ အဖွဲ့လိုက် ရေးဆွဲထားရှိသော ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ စံလုပ်ထုံး၊ လုပ်နည်း(Sop)များကို ဆွေးနွေးတင်ပြကြရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့၊ ပျက်စီးမှု ပမာဏသတင်း ရရှိရေးနှင့် အရေးပေါ် ထောက်ပံ့ရေးလုပ်ငန်းအဖွဲ့၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးလုပ်ငန်းအဖွဲ့များမှ ဆွေးနွေးတင်ပြကြပြီး တောင်ကြီးတက္ကသိုလ် မိုင်းသောက်အဆောင်၌ ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )