ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးဆွေးနွေးပွဲနှင့် နည်းပညာပေးလက်တွေ့သရုပ်ပြသပေးခြင်းများဆောင်ရွက်

ပေါက်ခေါင်း ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ဩဂုတ်လ ၁၂ က ငှက်ပျောတောကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲနှင့်‌ တောင်သူများအတွက်အသုံးဝင်မည့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အခြားစိုက်ပျိုးနည်း၊ ဆပ်ပြာဆီချက်လုပ်နည်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများက နည်းပညာပေး သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                                  

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဒေသခံ‌ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ၍ ယခုနှစ်မိုးစပါးများ အချိန်မီစိုက်ပျိုးပြီးစီးရေး၊‌ ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊နှမ်းနှင့်မြေပဲများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆည်‌ရေသောက်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစား စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဦးစွာဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ပက်သက်၍ အသိပညာပေး ဆွေးနွေးမှုများနှင့်လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက  စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့သည်။ ထို့‌နောက်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ဓာတ်မြေဩဇာအစား သဘာဝ‌မြေသြဇာများ ပိုမိုသုံးစွဲရန်‌ ပြောကြားပြီး သဘာဝ‌ မြေဩဇာပြုလုပ်သုံးစွဲနည်းကို လက်‌တွေ့သရုပ်ပြ‌ဆောင်ရွက်‌ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များပြသခြင်း၊‌ ကျေးလက်ဦးစီးဌာနမှ ဆပ်ပြာဆီကိုယ်တိုင်ပြုလုပ်သုံးစွဲနည်းများကို တက်ရောက်လာသော ဒေသခံပြည်သူများအား လက်‌တွေ့သရုပ်ပြ နည်းပညာများ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ(၁၁)ဌာနတို့ ပူး‌ပေါင်း၍ ကျေးရွာပြည်သူများထံအရောက် ကွင်းဆင်း၍ နည်းပညာ‌ပေးဆွေးနွေးပွဲများကို ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်