တနိုင်တပိုင် အသားတိုးကြက်မွေးမြူခြင်းမှ မိသားစု အပိုဝင်ငွေရရှိ

ခါမ်းပါတ် သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ ဒေသခံအများစုသည် လယ်ယာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသော်လည်း ယခုအခါတွင် ဥယာဉ်ခြံစိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကိုပါ တနိုင်တပိုင်မှသည် စီးပွားဖြစ်လုပ်ကိုင်လာကြပြီဖြစ်သည်။ ထိုသို့ လုပ်ကိုင်ကြရာတွင် စျေးကွက်အတွင်းစားသုံးမှုပိုမိုများပြားသည့် အသားတိုးကြက် မွေးမြူခြင်းများကို ပိုမိုလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

ကျွန်တော်က အကောင်ရေ ( ၄၉၀) ထည့်ထားတယ်..မိသားစု ခြံပေါ့၊ပုံမှန်ဆိုရင်တော့ ( ၄၅) ရက်သားမှာ ထုတ်လို့ရပါပြီ ဒါပေမယ့် ဝယ်လက်ပါးရင်ပါးသလို ကြာတတ်ပါတယ် ရောင်းရ သလားဆိုရင်တော့ ခြံသမားတွေက ရောင်းရရင်ပြီးရောဆိုပြီး ရသလောက်နဲ့ ရောင်းကြတာများ ပါတယ် အစာအိတ်စျေးတွေလည်း တက်နေတာဆိုတော့ ကြာကြာတော့မထားကြပါဘူး ဒါ​ပေမယ့် အခုတော့တစ်ပိသာကို(၆၀၀၀) ကျပ် လောက်ရောင်းရတော့ ကိုယ့်အတွက် ကျန်တယ်လို့ပြောရမှာပါ ဟု ကြက်မွေးသူတစ်ဦးဖြစ်သည့် ဦးထန်လျင်းပေါင် ကပြောပါသည်။

လက်ရှိတွင်မူ ကြက်တစ်ပိဿလျှင်(၆၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး လက်လီပြန်လည် ရောင်းချသူများ အနေဖြင့်( ၁၀၀၀၀) ကျပ်နှုန်းရောင်းချနေရကြောင်း၊ ထိုကဲ့သို့ မိသားစု တနိုင်တပိုင် မွေးမြူလုပ်ကိုင်ခြင်းဖြင့် ငွေကြေးယိုပေါက်များ လျှော့နည်းလာမည်ဖြစ်ပြီး အပိုဝင်ငွေများ ရရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝိဇ္ဇာမောင်