ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ်အရပ်ရပ်မှ ဆင်စခန်းများ ဆင်စာဘူဖေး ကျွေးမွေး၍  ဂုဏ်ပြု

မင်းဘူး ဩဂုတ် ၁၃

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် အနယ်နယ် အရပ်ရပ်မှ ဆင်စခန်းများတွင် ဆင်စာဘူဖေး ကျွေးမွေး၍ မှတ်တမ်းတင် ဂုဏ်ပြုလျက် ရှိကြကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ဆင်ထိန်းသိမ်းရေး လုပ်ငန်းအတွက် ပညာပေးစည်ရုံးရာတွင် ပါဝင်နိုင်ရန် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာ့ဆင် ထိန်းသိမ်းရေး အဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့ ဆင်များနေ့ကို ၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့အဖြစ် သတ်မှတ်၍ ကျင်းပခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်း၍ ကာကွယ် စောင့်ရှောက်ရန်၊ ၎င်းတို့၏ နေရင်းဒေသများကို ထိန်းသိမ်းနိုင်စေရန်နှင့် လူထုအတွင်း အသိအမြင်များ နိုးကြားလာစေရန် တို့ကိုရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ ဆင်စခန်း (၂၂) ခုတို့တွင်  ဩဂုတ်လ (၁၂) ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိက ဆင်ဟူ၍ (၂) မျိုး ရှင်သန်ပေါက်ဖွားပြီး ကုန်းနေ နို့တိုက် သတ္တဝါများထဲတွင် ခန္ဓာကိုယ်အကြီးမားဆုံး သတ္တဝါဖြစ်သည့်အပြင် ပင်ကိုယ်အသိဉာဏ် အလွန် ကြီးမားကြောင်း သိရသည်။ ဆင်များတွင် သဘာဝ ဂေဟစနစ်နှင့် သဘာဝတောများကို ဖန်တီးတည်ထောင် ပေးနိုင်စွမ်းရှိသောကြောင့် ဆင်တို့၏ အစွယ်၊ အရိုး၊ အရေခွံများကို ရလိုမှုများဖြစ်ပေါ်ကာ တရားမဝင် အလွန်အကျွံ အမဲလိုက်ခြင်း ယင်းတို့ ကြက်စားရာ နေရာဒေသများ ပျောက်ဆုံး လျော့နည်းလာခြင်းတို့ကြောင့် ယခုအခါ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသည်။

ဒါကြောင့် သဘာဝ ဂေဟစနစ်တွင် လွန်စွာ အရေးပါသည့် သဘာဝ ဆင်ရတနာများ ရေရှည်တည်တံ့နေထိုင်နိုင်စေရန်အတွက် ဆင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ထိန်သိမ်းကြရန် လိုအပ်လှပေသည်။

ဇေယျာထက်(မင်းဘူး)