ဖရူဆိုမြို့နယ်အတွင်းရှိ ရေရှားပါးသော ကျေးရွာ(၁၈)ရွာအတွက် သောက်သုံးရေကြိုတင်စုဆောင်း သိုလှောင်နိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေး

ဖရူဆို စက်တင်ဘာ ၁၁

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ရေရှားပါးသော တောင်ပေါ်ကျေးရွာ(၁၈) အတွက်  မိုးရာသီကာလ၌ သောက်သုံးရေများ ကြိုတင်စုဆောင်းသိုလှောင်နိုင်ရန်အတွက် တာဝန်ရှိသူများ က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦး၊ ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အောင်နှင့် မြို့နယ်ဦးစီးမှူး ဦးဂျေရောလမို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဒေးဖဲ၊  မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယဦးစီးမှူး ဦးမဲရယ် တို့က နှစ်စဉ်သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်လေ့ရှိသော  ကေးလျားကျေးရွာ အုပ်စုအတွင်းရှိ ဒေါတကလဲ ကျေးရွာ၊ ကေးလျားကျေးရွာ၊ ထီးသဲကူးကျေးရွာ၊ ထီးဗျားညေကျေးရွာ၊ ဒေါပိုရှေ့ကျေးရွာ၊ လောပလျားလဲ ကျေးရွာနှင့် ဒေါခူလီကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရန် မိုးရာသီကာလအတွင်း သောက်သုံးရေ ကြိုတင်စုဆောင်း သိုလှောင်နိုင်ရေးအတွက် ကျေးရွာအတွင်း ရေသွယ်ယူမှုနှင့် ရေစုကန်၊ မိုးရေလှောင်ကန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လျာထားဆောင်ရွက်ပေးမည့် ရေတွင်းတူးဖော်ခြင်း၊ ရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းများအတွက် မြေပြင်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။         

တောရယ်(ပြန်/ဆက်)