ကျောင်းကုန်း ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင် က ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်တဲ့အတွက် ယခုလို ဟောပြောပွဲ ကျင်းပပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ ကလောင်အမည် ကြည်ရွှင်အေး (ကျောင်းကုန်း)က ရှင်သန်ခွင့်ရှိတဲ့ ကလေးငယ်တွေဟာ မိခင်ဝမ်းမှ စထွက်လာကထဲက "အူဝဲ"ဆိုပြီး ထွက်လာခဲ့ကြကြောင်း၊ လူ့ဘဝဟာ အငိုနဲ့စပြီး အငိုနဲ့ဆုံးကြောင်း၊ ယခု ဩဂုတ်လအတွင်းမှာ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုရှိကြောင်း၊ ကလေးငယ်များ အာဟာရဖွံ့ဖြိုးတိုးတက်မှ ဉာဏ်ရည်တိုးတက်လာမှာဖြစ်ကြောင်း၊ ကလေးနဲ့လူကြီးတွေမှာ ဘယ်သူကလိမ္မာကြ သလဲဆိုရင် ကလေးတွေသာ လိမ္မာကြကြောင်း၊ လူငယ်တွေဆိုတာ နောင်တစ်ချိန် တိုင်းပြည်ရဲ့ခေါင်းဆောင်ကောင်းတွေဖြစ် လာနိုင်ကြောင်း ဟောပြောခဲ့သည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဟောပြောပွဲသို့ စာရေးဆရာမ ကြည်ရွှင်အေး (ကျောင်းကုန်း)၊ ပြန်/ဆက်ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)