ဘိုကလေးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂) နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်

ဘိုကလေး သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်(၁၁)ရက်နေ့ နေ့လယ် (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုထောက်ပံ့ပေး အပ်သည့် ငွေကြေးများသည် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် အာဟာရပြည့်မီရေး၊ ထူးချွန်ထက်မြက် သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရေး၊ ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် အထောက်အပံ့ဖြစ်စေရေးအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က MCCT အစီအစဉ် များအား နိုင်ငံတော်မှ ၂၀၁၄ ခုနှစ်မှ စတင်၍ မဟာဗျူဟာအဆင့်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်း မှ မွေးဖွားလာသည့် ကလေးငယ်များ ပုညှက်မှု အများဆုံးဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဦးစားပေးထောက်ပံ့ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအား ၂၀၁၆ ခုနှစ်မှ စတင်၍ ထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်းနှင့်  MCCT လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ဘိုကလေးမြို့နယ်အတွက် ကိုယ်ဝန်ဆောင် ဦးရေ (၃၃၉၈)ဦးနှင့်(၂)နှစ်အောက် ကလေးငယ် (၇၀၆၉)ဦးအတွက် တစ်လလျှင်(၁၅၀၀၀) ကျပ်နှုန်းဖြင့် (၃)လစာခံစားခွင့်ရှိသူအား (၄၅၀၀၀)ကျပ်၊ (၂)လစာ ခံစာခွင့်ရှိသူအား (၃၀၀၀၀)ကျပ်နှင့် တစ်လစာခံစား ခွင့်ရှိသူအား (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၄၄၉၃၄၀၀၀၀)ကျပ်အား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။

ထိုမှတစ်ဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ ထံသို့ အဆိုပါ ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များမှ မိမိတို့အပိုင် ရပ်ကွက်၊ ကျေးရွာအလိုက် ကာယကံရှင်များ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)