မယ်စဲ့ ဩဂုတ် ၁၂
နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်ဖြစ်သည့် ကလေးသူငယ်များ ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ဟန့်တားထိန်းချုပ်နိုင်စေရေး ရည်ရွယ်၍ ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် ကော်မတီဝင်များက လာရောက်ကြည့်ရှုခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြီးနောက် ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်နန်းဝင်းကြည်နှင့် ကျန်းမာရေးဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို ထိုးနှံပေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဂရုဏာရှင် လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)