လားရှိုး ဩဂုတ် ၁၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက် (၉)နာရီအချိန်က ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာ “ ကျန်းမာရေးဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံး နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များအား ချမှတ် ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးလုပ်ငန်း၏ အရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြှင့်ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ နှစ်စဉ် ဩဂုတ် ဒုတိယပတ်အား ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် လှုပ်ရှားမှုများကို ဆောင်ရွက်လေ့ရှိကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကျောင်းကျန်းမာရေး ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်စေရေး ကျန်းမာရေးဌာနနှင့်ပညာရေးဌာန ပူးပေါင်းပံ့ပိုးမှု ပိုမိုအားကောင်း လာစေရေး၊ကျောင်းသား၊ကျောင်းသူများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့ အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူ ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ” ပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမော်ဦးက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏မိန့်ခွန်းကို ဖတ်ကြားပြီး ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် Video Clip ကို ပြသသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် တက်ရောက်လာကြသူများက ကျန်းမာရေးအသိပညာပေးပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော် နှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၊အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကာ မူလတန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေသည့် နို့၊ ကြက်ဥနှင့် ငှက်ပျောသီးများများ ပေးဝေခြင်း၊ သန်ချဆေးများတိုက်ကျွေးခြင်း၊ သန်ဓါတ်အားဖြည့်ဆေးပြားများ တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)