ဒေးဒရဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ၏ စိုက်ပျိုးသီးနှံ များ အထွက်နှုန်း တိုးတက်မြင့်မားရေး၊ တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို အမြန်ဆုံး ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျုံချင်ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ မိုးစပါးလျာထားဧကများ ပြည့်မီစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များ၊ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အခက်အခဲများ တင်ပြပေးနိုင်ရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဝင် ဌာနဆိုင်ရာများက မိုးစပါးစိုက်ပျိုးဧကများ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေး၊ နွေစပါးနှင့် ဆောင်းနေကြာများ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များ မဖြစ်ပေါ်စေရေးအတွက် မျိုးစေ့နှင့် သွင်းအားစု များ ထောက်ပံ့ပေးမည့် အခြေအနေများ၊ ရေစီးရေလာကောင်းမွန်စေရေး ချောင်းကော၊ မြောင်းကော များ ဖော်ထုတ်ဆောင်ရွက်ရေးနှင့် ရာသီအလိုက် ကျရောက်တတ်သော သီးနှံဖျက်ပိုးများ၊ သဘာဝဘေးအန္တရာယ် များကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး ကြိုတင်ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံတောင်သူများ၏ မေးမြန်းဆွေးနွေး တင်ပြချက်များကို မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း