ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲနှင့် အာဟာရမျှတစေသော အစာအုပ်စုပြိုင်ပွဲကျင်းပ

တပ်ကုန်း   ဩဂုတ်  ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲနှင့် အာဟာရမျှတစေသော အစာအုပ်စုပြိုင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဗလငါးတန်ဖွံ့ဖြိုးစေဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဟောပြော၍လည်းကောင်း၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ ဦးသိန်းဝင်းမြင့် (မြကျောက်အေးချမ်း)တို့က အာဟာရ(၆)ပါးနှင့် သက်ရှည်ကျန်းမာအနာကင်းရေးခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထိုအသိပညာပေးဟောပြောပွဲသို့ ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ကွေးအန္တရာယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာကြသည်။

ဆက်လက်၍ အာဟာရမျှတစေသော အစာအုပ်စုပြိုင်ပွဲကျင်းပရာတွင် အနော်ရထာ၊ ကျန်းစစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလအသင်းဖြစ် အုပ်စုဖွဲ့၍ အသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ ထိုပြိုင်ပွဲတွင် ခန္ဓာကိုယ်ကြီးထွားစေသောအစာများ၊ ရောဂါကာကွယ်စေသောအစာများနှင့် အင်အားဖြစ်စေသောအစာများ ခင်းကျင်းပြသထား၍  အသင်းလိုက်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများက  အာဟာရမျှတစေသောအစာအုပ်စုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယ အသင်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေး၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲဝင်များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်