ကသာ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား Software Program ထည့်သွင်း ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက် (၁၀)နာရီ အချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းရေးသွင်းရာ၌ နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် တိကျမှန်ကန်သော စာရင်းများ ရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား e-ID စနစ်ဖြင့် Software Program ထည့်သွင်းခြင်း လုပ်ငန်းကို ဇူလိုင်လ ၁၈ရက်နေ့မှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း အောင်မြင်စွာရေးသွင်းနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ထိုသို့ e-ID စနစ်ဖြင့် Software Program ထည့်သွင်းရာတွင် ကသာမြို့နယ်အတွင်း၌ အိမ်ထောင်စု (၃၅၇၂၃)စုရှိရာ ဩဂုတ်လ ၁၀ရက်နေ့အထိ အိမ်ထောင်စု (၇၄၈၅)စုအား ထည့်သွင်းဆောင်ရွက်ပြီးဖြစ်၍ (၂၀.၉၅%) ပြီးစီးပြီဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသေးသော အိမ်ထောင်စု(၂၈၂၃၈)စုအား သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)