ရေးမြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရေး ဩဂုတ် ၁၀

ရေးမြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အဖွင့်စကား ပြောကြားရာ ဌာနဆိုင်ရာများ အနေဖြင့် ပထမဦးစွာ လုံခြုံရေးကို အဓိကထား ဆောင်ရွက်ကြရန်ဖြစ်ပြီး၊ မိမိတို့၏ လုံခြုံရေး၊ ရုံးလုံခြုံရေး၊ မိသားစုလုံခြုံရေးများကို အထူးဂရုစိုက် ဆောင်ရွက်ကြရန်၊ မိခင်ဌာန၏ လုပ်ငန်းများကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေများကို လေးစား လိုက်နာကြရန် ပြောကြားပြီး ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးရဲဝင်းအောင်မှ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် သတင်းထူးများ ရရှိပါက အချိန်မီ ပေးပို့ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးမှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြပြီး၊ ဌာန ဆိုင်ရာများနေဖြင့် မိမိတို့တာဝန်ကျ ဒေသမှ ထွက်ခွါပါက နယ်မြေကျော်လွန် တင်ပြကြရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ လုံခြုံရေးကိစ္စများကို အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)