ဖြူး ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း တစ်မျိုးသားလုံးကျန်းမာစေဖို့ ကျောင်းကျန်းမာရေး ဆောင်ရွက်ကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပြီးပျော်ရွှင်စွာ စာသင်ကြား နိုင်စေရေးအတွက်ရည်ရွယ်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ သံချဆေး တိုက်ကျွေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ကျောင်းများတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အထက(၁)၊ အထက(၂)ကျောင်း၊ အထက(၃)ကျောင်း၊ စာရေးလမ်း မူလွန်ကျောင်း၊ မြို့မ(၁) မူလွန်ကျောင်း၊ မြို့မ(၂) မူလွန်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေးများဖြစ်သည့် ဆော့ကစားပြီးတိုင်းနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးခြင်း၊ အိပ်ယာထတိုင်း သွားနှင့်ခံတွင်းကို စင်ကြယ်စွာတိုက်ရမည့် နည်းစနစ်များ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် စားသောက်ရမည့် အစားအစာများ အကြောင်းကို အသိပညာပေးပြီး ဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ သံရောဂါကင်းဝေးစေရေးအတွက် သံချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို ဩဂုတ်လ ဒုတိယပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)