မကွေး ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းပြီး လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စာပေစကားဝိုင်းကို ဩဂုတ်လ (၉) ရက်နေ့ နေ့လယ် (၂)နာရီ အချိန်ခန့်က မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ခင်မြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားရာ မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါး ပပျောက်ရေးကြိုးပမ်းခဲ့ရာ ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးထုတ်လုပ်နိုင်မှု ကျဆင်းလာခဲ့ပေမယ့် ဓာတုပစ္စည်းနှင့်ထုတ်လုပ်သည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်းစသည့် လူလုပ်မူးယစ်ဆေးဝါးပြဿနာဟာ ပိုမိုကြီးထွားလာသည့်အတွက်ကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ ဒါကြောင့် ယနေ့မှာ တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ်တွေ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်ပြီး လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စာပေစကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းကိုကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ညှိနှိုင်းရေးမှူး (Moderator) အဖြစ်ဆောင်ရွက်ပြီး၊ ပြောကြားသူ (Speaker)များအဖြစ် မကွေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သူများက ပါဝင်ဆွေးနွေးခဲ့ကြပြီး ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းသား မောင်အောင်ခိုင်စိုးက မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးစတင်သုံးစွဲချိန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူငယ်များနစ်နာခဲ့ရခြင်းများနှင့် တိုင်းပြည်ပြိုကွဲပျက်စီးနိုင်သည့်အကြောင်း၊ ပထမနှစ် (ဒုတိယနှစ်ဝက်) သင်တန်းသူ မနှင်းယမုံထွန်းက လူငယ်များမူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာမည့် လက္ခဏာဆိုးကျိုးများအကြောင်း၊ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသူ မဖြူဝတ်ရည်ခိုင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်တွေ၏ အခန်းကဏ္ဍသည် အရေးကြီးပုံနှင့် လူငယ်များလမ်းမှား မရောက်စေရန်၊ မူးယစ်ဆေးဝါး၏ သားကောင်များမဖြစ်စေရန် မိဘနှင့်ဆရာပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ လူငယ်များသည် ကျန်းမာကြံ့ခိုင်ရန်လိုအပ်ကြောင်းနှင့် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသား မောင်တင်လင်းအောင်က လူငယ်များလမ်းမှားရောက်မသွားစေရန် အမှားအမှန်ခွဲခြားနိုင်သည့် အသိဉာဏ် ပညာရရှိစေရန်စာပေများကို လေ့လာဖတ်ရှုသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက သုတ/ရသ စာအုပ်စာဆောင်များ ခင်းကျင်းပြသခဲ့ကြရာ မကွေးပညာရေး ဒီဂရီကောလိပ်ရှိ ဆရာ/မများနှင့် သင်တန်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာပေစကားဝိုင်းသို့ မကွေးပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ မများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား/ သူများက စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ် (တိုင်းဒေသကြီး ပြန်/ဆက်)