စလင်း သြဂုတ် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စားသုံးဆီရောင်းချသော စျေးဆိုင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီ ၃၀မိနစ် အချိန်က စျေးကွက်အတွင်း တရားမဝင်ကုန်ပစ္စည်း ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်ပါ စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ တရားမဝင်ရောင်းချမှု ရှိ၊ မရှိကို စလင်းမြို့မစျေး အတွင်း/အပြင်ရှိ စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဆန်းလင်းမောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှဒုဦးစီးမှူး ဟိန်းထက်နေလင်း၊ စျေးတာဝန်ခံ ဦးညီညီစန်း၊ စျေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်အေးနှင့် စည်ပင်သာယာဝန်ထမ်းများက ပြည်တွင်းသို့တင်သွင်းသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး ကျန်းမာရေးနှင့်ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကိုသုံးစွဲနိုင်ရေး စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါစေရေးအတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ နယ်စပ်လမ်းကြောင်းများမှ ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ တရားမဝင် ဝင်ရောက်မှုအခြေအနေနှင့် တရားမဝင်ဖြန့်ဖြူးရောင်းချနေသည့် စားသုံးဆီများကို ကော်မတီမှ အပတ်စဉ်ထုတ်ပြန်ကြေငြာလျက်ရှိသည့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့်ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ စလင်းမြို့မစျေးအတွင်းအပြင် စျေးဆိုင်များတွင် ရောင်းချခြင်း မရှိကြောင်းနှင့် စျေးရောင်းချသည့် စျေးဆိုင်ပိုင်ရှင်များအား ထိုအမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများရောင်းချပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အမှတ်တံဆိပ်ပါ ရောင်းချခွင့်ရှိသည့် ဆီဗူးများကိုလည်း ရည်ညွှန်းအမှတ်တံဆိပ်များ အပြည့်အစုံကပ်ကြရန်နှင့် အလေးချိန်ပြည့်ဝရေးတို့ကို အလေးထားဆောင်ရွက်ကြရန်တို့ကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)