ရွှေတောင် သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ အထက (ခွဲ) သရက်တောကျောင်းတွင် ယနေ့နံနက်ပိုင်း က ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထက (ခွဲ) သရက်တော ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး အထက(ခွဲ)သရက်တော ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စော က ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ဆရာမများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ပွဲတွင် (၄)ဘာသာဂုဏ်ထူးရကျောင်းသူ (၁) ဦး၊ (၁)ဘာသာ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၅)ဦး၊ ရိုးရိုးအောင်မြင်သူ (၁၈)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုတော်ဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)