ပွင့်ဖြူမြို့နယ်၌ ရာသီစာ ပိန်းဉစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ပွင့်ဖြူ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရာသီစာပိန်းဉ စိုက်ပျိုးတောင်သူများ အထွက်နှုန်းကောင်းမွန်သည့်အပြင် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်း အဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။ 

ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ယောစုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် မုန်းချောင်းရေကို အမှီပြု၍ ဉယျာဉ်ခြံမြေများ ပြုလုပ်ကာ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး အဆိုပါ စားပင်သီးနှံများတွင် ရာသီစာသီးနှံဖြစ်သည့် ပိန်းဉသီးနှံကိုလည်း ဈေးကွက်ရှိသည့်အတွက် အားထားစိုက်ပျိုးကြကြောင်း သိရသည်။ ပိန်းဉသီးနှံသည် စိုက်ပျိုးပြီး (၆)လ ကြာပါက ရောင်းတန်းဝင် ပိန်းဉများကို တူးဖော်ရောင်းချရကြောင်း သိရသည်။

ရာသီစာသီးနှံဖြစ်တဲ့ ပိန်းဉစိုက်ပျိုးရေးလုပ်ငန်းကို “ကျွန်မတို့ ကျေးရွာမှာရှိတဲ့ တောင်သူတွေဟာ မုန်းချောင်းရေကို အမှီပြုပြီး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ပိန်းဉသီးနှံစိုက်ပျိုးရာမှာ တစ်ချို့က သီးသန့်စိုက်ပျိုးကြသလို သီးညှပ်ရောနှော စိုက်ပျိုးကြတာလည်း ရှိပါတယ်။ ကျွန်မကတော့ ပိန်းဉစိုက်ပျိုးရာမှာ ရေလောင်း၊ ပေါင်းထိုးခစရိတ် သက်သာစေဖို့အတွက် သီးညှပ်အဖြစ် ရုံးပတီသီးနှံကို ရောနှော စိုက်ပျိုးတာဖြစ်ပါတယ်။ ကျွန်မတို့ မြို့နယ်ဟာ စိုက်ပျိုးရေ ပေါကြွယ်ဝတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင် ဖြစ်ထွန်းပါတယ်။ ယခင်နှစ်က ပိန်းဥ တစ်ပိဿာကို ငွေကျပ် ၁၅၀၀ ခန့် ရောင်းချရပြီး ယခုနှစ်တွင် ပိန်းဥတစ်ပိဿာ ငွေကျပ် ၂၀၀၀ ဈေးနဲ့ ရောင်းချရလို့ ဈေးကောင်းရရှိပြီး ဝင်ငွေ ပိုမိုရရှိလို့ အဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ပိန်းဉစိုက်ပျိုးတောင်သူ ဒေါ်ချိုချိုစန်းက ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)