ကျုံပျော် ဩဂုတ် ၁၀
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာ ဖူလုံစွာစားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အတွက် သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်းအား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ဒါးကချောင်း၊ သံလျှက်စွန်းကူးတို့ဆိပ် ရေပြင်၌ ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်က ငါးမျိုးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ ငါးသားပေါက်မျိုးများအား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ကာ၊ ဒါးကချောင်း ရေပြင်အတွင်းသို့ ငါးမျိုးများအား တပျော်တပါး စုပေါင်းစိုက်ထည့်ပေးကြသည်။
ယနေ့စိုက်ထည့်သည့် ငါးမျိုးများမှာ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၃)သိန်းနှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ(၂)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅)သိန်းဖြစ်ပြီး၊ ငါးမျိုး စိုက်ထည့်ပွဲသို့ ကျုံပျော်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုသိမ် စခန်းတာဝန်ခံ ဦးမျိုးနိုင်ဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းအောင်မော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ ရေလုပ်သားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် လက်ရှိ ဂရံအင်း ပေါင်း(၃၀)ဖြင့် ငါးထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ သဘာဝရေပြင်၊ အင်းချောင်းများ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကာ၊ ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတ တိုးပွားရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)