တောင်တွင်းကြီး ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဒေသခံတောင်သူများသည် မိုးဦးကျ ရွာသွန်းသည့် မိုးရေဖြင့် စိုက်ပျိုးခဲ့သော ဆီထွက်သီးနှံမိုးနှမ်းနှင့် မိုးနေကြာသီးနှံများ ရိတ်သိမ်းပြီးဖြစ်သဖြင့် မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် နွားရှဉ်းများ၊ လယ်ထွန်စက်များဖြင့် စတင် ထွန်ယက်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒေသခံတောင်သူများက ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာဖူလုံစေရေး၊ သတ်မှတ်မိုးစပါးသီးနှံ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာနှင့် မိုးနှမ်းများ ရိတ်သိမ်းပြီးစီးသော လယ်မြေများကို နွားရှဉ်းများ၊ လယ်ထွန်စက်များ ငှားရမ်းအသုံးပြု၍ ထယ်ရေးညက်အောင် ထွန်ယက်ကာ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စနစ်ဖြင့်လည်းကောင်း၊ အချို့တောင်သူများကလည်း ပျိုးစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ယခင်ကတည်းက ကြိုတင်ပြီး မျိုးစပါး ပျိုးထောင်ခြင်းများကို လုပ်ကိုင် ဆောင်ရွက်ကြောင်း သိရသည်။
မိုးစပါးများစိုက်ပျိုးရာတွင် ထွန်ယက်ခအနေဖြင့် ထွန်တစ်ရှဉ်း တစ်မနက်(၁၀၀၀၀)ကျပ်၊ လယ်ထွန်စက်ဖြင့် ထွန်ယက်မည်ဆိုပါက လယ်တစ်ဧက(၄၀၀၀၀)ကျပ်၊ ပျိုးနုတ်ခအဖြစ် ပျိုးလက်တစ်ရာလျှင်(၁၅၀၀၀) ကျပ်၊ ကောက်စိုက်ခအဖြစ် လယ်တစ်ဧက(၄၅၀၀၀) ကျပ်ပေး၍ ငှားရကြောင်း သဖန်းကုန်းကျေးရွာမှ တောင်သူဦးစိုးမြင့်ထံမှ သိရသည်။ ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ် ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ အချိုးကျ သုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မျိုးအေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)