မုဒုံ သြဂုတ် ၉
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေး ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများ အတတ်ပညာများ ပိုမိုထွန်းကားစေရန်နှင့် ရက်ကန်းပညာရှင်များ တိုးပွားလာစေရေး တို့အတွက် သင်တန်းများဖွင့်လှစ်ကာ ပညာရှင်များကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းများအနေဖြင့် အခြေခံလက်ရက်ကန်း ခြောက်လသင်တန်းကို ဘာသာရပ် ခြောက်ခုဖြစ်သည့် လက်ရက်ကန်း၊ အထည်ဒီဇိုင်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်၊ သဘာဝဆိုးဆေး၊ အထည်ခွဲစိတ် လေ့လာခြင်း ၊ အခြေခံ စက်ချုပ်ဘာသာရပ်များကို တစ်နှစ်လျှင် နှစ်ကြိမ်ဖွင့်လှစ်ပေးပြီး စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပေးသည်။
အဆိုပါသင်တန်းများကို အသက်(၁၈)နှစ်မှ (၃၀)နှစ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ၂၀ ဦး လက်ခံသင်ကြားပေးကြောင်း၊ သင်တန်းကျောင်းတွင် အဆောင်နေထိုင်ခွင့်နှင့် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း တစ်လလျှင် ငွေကျပ် ၃၀၀၀၀ ပံ့ပိုးပေးသည့်အပြင် သင်တန်းတက်ရောက်ပြီးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လိုအပ်သည့် အထောက်ကူများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည်ကျော်ထံမှ သိရှိရသည်။
သားငယ်(မုဒုံ)