သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌ မွေးမြူရေး တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သံဖြူဇရပ် သြဂုတ် ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာမြို့နယ် ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဆွေးနွေးပွဲ (Talk Show) များ​ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မင်းငွေထွန်းကမွေး မြူရေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်နှင့် ကြက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက်မွေးမြူရေးတိရစ္ဆန်များတွင် ကူးစက်ရောဂါဖြစ်ပွားလာပါက ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်း(၃)သွယ်ဖြစ်သည့် ကာကွယ်ဆေးများ စီမံချက်နှင့်အညီ စနစ်တကျ ပုံမှန်ထိုးနှံပေးခြင်း၊ ဇီဝလုံခြုံမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ဆောင်ရွက်ခြင်းဖြင့် ဇီဝလုံခြုံမှုကို မြှင့်တင်ခြင်း၊ ရောဂါစောင့်ကြည့်စစ်ဆေးခြင်း စသည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ပြည်သူ့အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)