သရက် ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ် ကျန်းမာရေစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၀၉:၃၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပက်သတ်၍ ပြောကြားရာတွင် အုတ်ကန် ရေစည် ရေအိုးများအား ခြင်မဝင်နိုင်အောင် လုံခြုံစွာ ဖုံးအုပ်ပါ၊ အုပ်ကန် ရေစည် ရေအိုးများ၏ အတွင်းပိုင်းကို တိုက်ချွတ် ဆေးကြော၍ တစ်ပတ်တစ်ကြိမ် သွန်ပါ၊ အုတ်ကန်ကြီး၊ ရေ လှောင်ကန်ကြီးများကို ပိုးလောက်လန်းဆေး (Abale) ခတ်ပါ၊ ရေရှားပါက ပိုးလောက်လန်းရှိသော ရေကို နောက်တစ်အိုးသို့ ရေစစ်ဖြင့်ပြောင်းထည့်ပါစသည့် အသိပညာပေးလုပ်ငန်းများ ပြောကြားခဲ့ပြီး သူနာပြု ဆရာမကြီးက သန်ချဆေး တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အရပ်မီတာတိုင်းတာ ခြင်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စစ်ဆေးဆောင်ရွက်ပြီး KG ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်း ပေးခဲ့သည်။ ယင်းနောက် KG ကလေးငယ်(၅၉)ဦးအား သွားတိုက်ဆေးဗူးများ အခမဲ့ ပေးဝေခဲ့သည်။ ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဩဂုတ်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့ထိနှင့် ဩဂုတ်(၁၅)ရက်မှ (၂၄) ရက်နေ့ အထိ သရက်မြို့နယ်အတွင်း အခြေခံ ထက်/ လယ်/ မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)